Sunday, August 30, 2009

(၄၀) သို့....သူငယ်ချင်း

သူငယ်ချင်း...
်နေကောင်းလား။
ငါတို့မြို့မှာ မိုးတွေအရမ်းရွာနေတယ်
ကောင်းကင်မှာ တိမ်တွေပြိုနေသလို
င့ါရင်ခွင်မှာလဲ အလွမ်းတွေပြိုနေတယ်သိလား။

သူငယ်ချင်း…
ကျောင်းစာတွေဂရုတစိုက်လိုက်ဖတ်ရဲ့လား။
Chatting ချည်းမထိုင်နဲ့နော်။
နင်ကျောင်းသွားရင်လမ်းကြုံတဲ့အခါ
ငါ့မှာမခင်းကျင်းမပြသရသေးတဲ့
ဝေဒနာပြပွဲတစ်ခုရှိကြောင်း သူ့ကိုပြောပြပေးနော်။
သူလက်ခံရင် ငါအပိုင်ပေးလိုက်ချင်လို့ပါ။

သူငယ်ချင်း…
ခင်တာသိပ်မကြာသေးပေမယ့်
အခင်ဆုံးတွေအကြောင်းပြောဖြစ်တဲ့အခါ
ငါ…နင့်ကိုသတိရတယ်။
နင့်ရဲ့ရှင်းသန့်ကြည်စင်တဲ့အပြုံးလေးတွေကို
ငါခင်တယ် သိလား။

သူငယ်ချင်း...
နင်သိရဲ့လား။
သံယောဇဉ်ဆိုတာ
ပါးလျပေမယ့် ထက်မြလှတဲ့ဓားတစ်ချောင်းကွဲ့။
တခါတလေလဲ နတ်ဆိုးတစ်ကောင်လို
အလစ်အငိုက်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့
တံခါးချပ်လေးအကွယ်က တိတ်တဆိတ်စောင့်နေ။

သူငယ်ချင်း...
ငါ့ကောင်မလေးကအရမ်းလှတယ်သိလား။
င့ါမှာ...သူ့အပြုံးတွေကိုခိုးဝှက်သိမ်းဆည်းထားတာရှိတယ်။
နင့်ကိုပြမယ်နော်။
ဘယ်သူမှမသိစေနဲ့ကွ။

သူငယ်ချင်း...
မနေ့ည သန်းခေါင်ကျော်က
လေတွေဟူးဟူးရားရားတိုက်တာသိလား။
ဒီညက ငါ့ဈာပနကိုဖုတ်ကျင်းသဂြိုလ်ဖို့
မြင်းရထားတို့ ၊ ကကြိုးတန်ဆာဆင်နေခဲ့ပေါ့။
သူ့ကျောင်းအဆင်းကို ငါသွားမငေးဖြစ်တာကြာပြီသိလား။

သူငယ်ချင်း...
သစ်ရွက်လေးတွေကြွေတာမြင်ရင် နင်အမျှဝေနော်။
လောကကြီးမှာ လူမသိသူမသိသေဆုံးသွားတဲ့
နှလုံးသားတွေရှိကြောင်းသတိရဖို့ပေါ့။
ငါ့မှာ သူ့ကိုယ်စား စိုက်ပျိုးထားတဲ့စံပယ်ဖြူတစ်အိုးရှိတယ်။

သူငယ်ချင်း...
စောစောအိပ်ရာဝင်ဖြစ်ရဲ့လား။
ကောင်းမြတ်သန့်စင်သောညချမ်းလေးဖြစ်ပါစေကွယ်။
ငါတို့ကတော့(ဂီတာလေးရယ်၊အပြာရောင်ဒိုင်ယာရီလေးရယ်၊
စံပယ်ဖြူအိုးလေးရယ်)...
ညစဉ်ညတိုင်း သန်းခေါင်ကျော်အထိ
စကားဝိုင်းဖွဲ့ဖြစ်ကြတယ်။

သူငယ်ချင်း...
ကမ္ဘာလောကကြီး ဘယ်လောက်တိုးတက်ပါစေ။
ကွဲအက်နေတဲ့နှလုံးသားကိုတော့
ဘယ်လိုမှ ပြန်ဆက်လို့မရနိုင်ဘူးတဲ့။
အခု...ငါ့ရင်ဘတ်အိမ်ရာမှာ
အရှုံးဆိုတဲ့ငနာတစ်ကောင်
ဧည့်ခန်းမှာ အခန့်သား လေချွန်ရင်းဒူးနန့်နေခဲ့ပေါ့။

သူငယ်ချင်း...
နေကောင်းလား။
ငါရေးနေတဲ့စံပယ်ဖြူအိပ်မက်ဘလော့လေး
နင့်ကိုနောက်တခါမပြတော့ဘူး
သူ့မှာ သွေးသံရဲရဲဓားချက်တွေ၊မြင်မကောင်းတဲ့အနိဋ္ဌါရုံတွေ၊
သူငယ်ချင်းထိတ်လန့်နေလိမ့်မယ်။

သူငယ်ချင်း...
ငါဆေးလိပ်နဲ့အရက်ဖြတ်လိုက်ပြီ။
အမျှင်မပြတ်တဲ့သံယောဇဉ်တွေကိုတော့
အခု...ထက်...ထိ
လိုက်လံသိမ်းဆည်းနေဆဲပေါ့သူငယ်ချင်း။

No comments:

Post a Comment