Friday, March 19, 2010

(၈၃) စပယ်ဖြူ (၁)

ချစ်သူ...
သင့်နှလုံးသားသည် ပျားသို့ချို၏
သို့ပြီးတကား
ဓားသွားမူထက်စွာ၏

ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးစပယ်ဖြူဟာ ငါ့သခင်မ
ငါ့ဘ၀ရဲ့ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတပါးရဲ့အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်။
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့သူပေါ့ကွယ်။
ဆွတ်ဆွတ်ဖြူဖြူ ငန်းမွေးတောင်အသွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့
သူ...စပယ်ဖြူလေ။

စပယ်ဖြူ...မင်းဘယ်သူလဲ
ငါကလွဲလို့ မင်းတောင်မသိ မြတ်နိုးမိသူပါ။
သူဟာ ငါ့ဘ၀ရဲ့ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့မိခင်
ပွင့်ဦးသခင်ဆိုနိုင်ပါရဲ့
နွဲ့လျတဲ့ခြေလှမ်းများ ငါ့နှလုံးသားမှာ
ဒဏ်ရာထင်အောင်ပြင်းထန်ခဲ့
ကဲ...ဒီလို ဘယ်သူသိမလဲကွယ်။

ဆက်ရန်

No comments:

Post a Comment